Jump to content

ဒီဇန်ဘာ

ဝီကီးပီးဒီးယား က

ဒီဇန်ဘာ သို့မဟုတ် ဒီဇန်ဘာလ (အင်္ဂလိပ်: December၊ အတိုကောက်: Dec.) စွာ ဂရီဂေါရီးယန်း ပြက္ခဒိန် နန့် ဂျူလီယန် ပြက္ခဒိန် ရို့၏ ဒွါဒသမမြောက်လ ဖြစ်ပြီးကေ နှစ်တစ်နှစ်၏ နောက်ဆုံးလလည်း ဖြစ်ရေ။ ရက်ပေါင်း ၃၁ ရက် ဟိပြီးကေ နိုဗင်ဘာလ နောက်၊ နောက်နှစ်၏ ဇန်နဝါရီလ မတိုင်မီ ကျရောက်ရေ။[၁]

December ဆိုရေနာမည်စွာ လက်တင်ဘာသာစကား decem က ဆင်းသက်လာပြီးကေ “တစ်ဆယ်” လို့ အဓိပ္ပာယ်ရရေ။ ရှေးရောမပြက္ခဒိန်မာ နှစ်တစ်နှစ်ကို မတ်လ က စတင်တွက်ကြောင့် ဒီဇန်ဘာလစွာ ဒသမမြောက်လ ဖြစ်ခရေ။ နောက်ပိုင်း ဂျန်နဝါရီလကို နှစ်တစ်နှစ်၏ အစလအဖြစ် သတ်မှတ်လာရေအခါ ဒီဇန်ဘာလစွာ ဒွါဒသမမြောက်လ ဖြစ်လာကေလည်း မူလနာမည်ကို ဆက်လက်သုံးစွဲခရေ။[၁]

ရာသီဥတုနန့် နက္ခတ္တဗေဒ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရာသီဥတုဗေဒအရ ဒီဇန်ဘာလစွာ ကမ္ဘာ့မြောက်ဘက်ခြမ်းမာ ဆောင်းရာသီ၏ ပထမလ ဖြစ်ပြီးကေ ကမ္ဘာ့တောင်ဘက်ခြမ်းမာ နွီရာသီ၏ ပထမလ ဖြစ်ရေ။[၁]

ဒီဇန်ဘာလ၏ ၂၁ ရက် သို့မဟုတ် ၂၂ ရက်ဝန်းကျင်မာ ကျရောက်လေ့ဟိရေ ဒီဇန်ဘာ နီအယနစွန်းချိန် (December solstice) စွာ မြောက်ဘက်ခြမ်း၌ နက္ခတ္တဗေဒအရ ဆောင်းရာသီစတင်ချိန်၊ တောင်ဘက်ခြမ်း၌ နွီရာသီစတင်ချိန် ဖြစ်ရေ။ ယင်းအချိန်ဝန်းကျင်မာ မြောက်ဘက်ခြမ်း၌ နိတာအတိုဆုံး ဖြစ်ပြီးကေ တောင်ဘက်ခြမ်း၌ နိတာအရှည်ဆုံး ဖြစ်ရေ။[၁]

ရိုးရာပြက္ခဒိန်နန့် ဆက်စပ်မှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒီဇန်ဘာလစွာ ရိုးရာပြက္ခဒိန်၏ နတ်တော်လ နန့် ဆက်စပ်လေ့ဟိရေ။ နတ်တော်လစွာ စာဆိုတော်တိကို ဂုဏ်ပြုခြင်းနန့် စာပေလှုပ်ရှားမှုတိ ပြုလုပ်လေ့ဟိရေ လတစ်လ ဖြစ်ရေ။[၂]

ရိုးရာပြက္ခဒိန်နန့် ဂရီဂေါရီးယန်းပြက္ခဒိန်ရို့၏ ရက်တွက်ပုံ မတူရေကြောင့် နတ်တော်လဆိုင်ရာ ပွဲတော်တိ၏ အင်္ဂလိပ်ရက်စွဲစွာ နှစ်အလိုက် ပြောင်းလဲရေ။ ယင်းကြောင့် ဒီဇန်ဘာလနန့် နတ်တော်လစွာ အစရက်၊ အဆုံးရက် အတိအကျတူညီရေ လတိ မဟုတ်ပေ။

စာဆိုတော်နိ ကို ရိုးရာပြက္ခဒိန်အရ နတ်တော်လဆန်း ၁ ရက် မာ သတ်မှတ်ကျင်းပရေ။ စာပီရီးသားပြုစုသူတိ၏ အကျိုးဆောင်မှုကို အသိအမှတ်ပြု ဂုဏ်ပြုရေ နိတစ်နိ ဖြစ်ရေ။[၂]

နတ်တော်လကာလမာ သက်ကြီးစာပီပညာရှင်တိအား ပူဇော်ကန်တော့ခြင်း၊ စာပီဆုချီးမြှင့်ခြင်း၊ စာပီဟောပြောပွဲနန့် ဆွီးနွီးပွဲတိ ကျင်းပခြင်းရို့ကို ပြုလုပ်လေ့ဟိရေ။ ယင်းလှုပ်ရှားမှုတိမာ စာရီးဆရာတိ၊ ကဗျာဆရာတိ၊ သတင်းစာဆရာတိနန့် စာဖတ်ပရိသတ်တိ ပါဝင်ကတ်ရေ။[၂]

ရခိုင်ပြည်ဆိုင်ရာ အထိမ်းအမှတ်နိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရခိုင်ပြည်နယ်နိ — ဒီဇန်ဘာ ၁၅ ရက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒီဇန်ဘာ ၁၅ ရက် စွာ ရခိုင်ပြည်နယ်နိ ဖြစ်ရေ။ ရခိုင်ဒေသစွာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြီခံဥပဒေအရ ပြည်နယ်အဆင့် ရဟိခရေ။[၃]

ရခိုင်ပြည်နယ်နိကို အထိမ်းအမှတ်ပြုပြီးကေ အခမ်းအနားနန့် ဖျော်ဖြေပွဲတိ ကျင်းပရန် စီစဉ်ခရေ မှတ်တမ်းတိ ဟိရေ။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ် မောင်တောမြို့ မာ ဒီဇန်ဘာ ၁၄ ရက်နန့် ၁၅ ရက်ရို့၌ အားကဇပ်ပွဲတိနန့် ရခိုင်အဆိုတော်တိ၏ စင်တင်ဖျော်ဖြေပွဲတိ ကျင်းပရန် စီစဉ်ထားကြောင်း နိရဉ္စရာသတင်းဌာနက ဖော်ပြခရေ။[၃]

ဘာသာရီးနန့် နှစ်ကုန်ပွဲတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ခရစ္စမတ်ပွဲတော် စွာ ယေရှုခရစ် ၏ ဖွားမြင်ခြင်းကို အထိမ်းအမှတ်ပြုရေ ခရစ်ယာန်ဘာသာရီးပွဲတော် ဖြစ်ရေ။ ခရစ်ယာန်အသင်းတော်အတိစုက ဒီဇန်ဘာ ၂၅ ရက် မာ ကျင်းပကတ်ရေ။ ဒီဇန်ဘာ ၂၄ ရက် ညဇာနန့် ညဉ့်အချိန်ကို ခရစ္စမတ်အကြိုည (Christmas Eve) လို့ ခေါ်ရေ။[၄]

ခရစ္စမတ်ကာလမာ ဘုရားကျောင်းဝတ်ပြုဆုတောင်းခြင်း၊ မိသားစုတိ ဆုံစည်းခြင်း၊ လက်ဆောင်ဖလှယ်ခြင်းနန့် ခရစ္စမတ်သစ်ပင် အလှဆင်ခြင်းရို့ကို ပြုလုပ်လေ့ဟိရေ။ ပွဲကျင်းပပုံစွာ နိုင်ငံ၊ ဒေသနန့် ခရစ်ယာန်အသင်းတော်အလိုက် ကွာခြားရေ။[၄]

ဒီဇန်ဘာ ၃၁ ရက် စွာ ဂရီဂေါရီးယန်းပြက္ခဒိန်အရ နှစ်တစ်နှစ်၏ နောက်ဆုံးနိ ဖြစ်ပြီးကေ ယင်းညဉ့်ကို နှစ်သစ်ကူးအကြိုည (New Year's Eve) လို့ ခေါ်ရေ။ ကမ္ဘာ့နိုင်ငံအများအပြားမာ မိသားစု၊ မိတ်ဆွေတိ ဆုံစည်းခြင်း၊ ဖျော်ဖြီပွဲတိ ကျင်းပခြင်း၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်းနန့် နှစ်သစ်ကူးချိန်ကို အချိန်ရေတွက်ကြိုဆိုခြင်းရို့ ပြုလုပ်ကတ်ရေ။[၅]

ဒီဇန်ဘာ ၃၁ ရက် ညဉ့်သန်းခေါင်ကျော်ရေအခါ နောက်နှစ်၏ ဇန်နဝါရီ ၁ ရက် သို့ ကူးပြောင်းရေ။ ဒေနှစ်သစ်ကူးသတ်မှတ်ချက်စွာ ဂရီဂေါရီးယန်းပြက္ခဒိန်ကို အခြေခံထားခြင်းဖြစ်ပြီးကေ ရိုးရာပြက္ခဒိန်အလိုက် နှစ်သစ်ကူးရက်စွဲတိမှာ ကွာခြားနိုင်ရေ။[၅]

နိုင်ငံတကာ အထိမ်းအမှတ်နိတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒီဇန်ဘာလမာ ကျရောက်ရေ နိုင်ငံတကာအထိမ်းအမှတ်နိတချို့မှာ အောက်ပါအတိုင်း ဖြစ်ရေ။[၆]

ရက်စွဲ အထိမ်းအမှတ်နိ
ဒီဇန်ဘာ ၁ ရက် ကမ္ဘာ့အေအိုင်ဒီအက်စ်နိ
ဒီဇန်ဘာ ၂ ရက် ကျွန်ပြုမှု ပပျောက်ရီး နိုင်ငံတကာနိ
ဒီဇန်ဘာ ၃ ရက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူတိနိ
ဒီဇန်ဘာ ၄ ရက် နိုင်ငံတကာ ဘဏ်တိနိ
ဒီဇန်ဘာ ၅ ရက် စီးပွားရီးနန့် လူမှုရီးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ စေတနာ့ဝန်ထမ်းနိ
ဒီဇန်ဘာ ၅ ရက် ကမ္ဘာ့မြီဆီလွှာနိ
ဒီဇန်ဘာ ၇ ရက် နိုင်ငံတကာ အရပ်ဘက်လီကြောင်းနိ
ဒီဇန်ဘာ ၉ ရက် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရီးနိ
ဒီဇန်ဘာ ၉ ရက် လူမျိုးတုံးသတ်ဖြတ်မှုဒဏ်ခံခရသူတိကို အောက်မေ့ဂုဏ်ပြုရီးနန့် ယင်းရာဇဝတ်မှု တားဆီးရီး နိုင်ငံတကာနိ
ဒီဇန်ဘာ ၁၀ ရက် လူ့အခွင့်အရီးနိ
ဒီဇန်ဘာ ၁၁ ရက် နိုင်ငံတကာ တောင်တန်းတိနိ
ဒီဇန်ဘာ ၁၂ ရက် နိုင်ငံတကာ ကြားနေရီးနိ
ဒီဇန်ဘာ ၁၂ ရက် လူတိုင်းလက်လှမ်းမီ ကျန်းမာရီးစောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာနိ
ဒီဇန်ဘာ ၁၈ ရက် နိုင်ငံတကာ ရွှိ့ပြောင်းနီထိုင်သူတိနိ
ဒီဇန်ဘာ ၁၈ ရက် အာရဗီဘာသာစကားနိ
ဒီဇန်ဘာ ၂၀ ရက် နိုင်ငံတကာ လူသားချင်းသွီးစည်းညီညွတ်ရီးနိ
ဒီဇန်ဘာ ၂၁ ရက် ကမ္ဘာ့တရားထိုင်နိ
ဒီဇန်ဘာ ၂၁ ရက် ကမ္ဘာ့ဘတ်စကက်ဘောနိ
ဒီဇန်ဘာ ၂၇ ရက် ကပ်ရောဂါတိအတွက် ကြိုတင်ပြင်ဆင်ရီး နိုင်ငံတကာနိ


  1. 1 2 3 4 Georg Rehberger. December Is the 12th Month of the Year. Time and Date.
  2. 1 2 3 Dr. Khin Maung Nyunt. The Pen is mightier than the Sword. Myanmar Digital News၊ ၂၇ နိုဗင်ဘာ ၂၀၁၉။
  3. 1 2 Narinjara News. RNDP and USDP to Jointly Observe Arakan State Day. Burma News International၊ ၁၄ ဒီဇန်ဘာ ၂၀၁၁။
  4. 1 2 Time and Date. Christmas Day.
  5. 1 2 Time and Date. New Year's Eve.
  6. ↑ United Nations in Indonesia. List of International Days and Weeks — December.